မိသားစုတိုင်း အရေးပေါ်အတွက် အိမ်တွင်မ ဖြစ်မနေဆောင်ထားသင့်တဲ့ ဆေးဝါးများ
ညကြီးမိုးချုပ်ရုတ်တရက်ရောဂါဝေဒနာခံစားရတဲ့အချိန်အိမ်မှာလတ်တလောသောက်စရာဆေးမရှိဘူးဆိုရင် အဆင်မပြေလှပါဘူး။ ဒါကြောင့် အိမ်တိုင်းမှာဆောင်ထားသင့်တဲ့ အရေးပေါ်ဆေး (၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Paracetamol (ပါရာစီတမော)
ပါရာစီတမောတစ်လုံးမှာ များသောအားဖြင့် 500mg ပါဝင်ပြီး ဖျားနာတဲ့အခါ၊ ကိုယ်လက် ကိုက်ခဲတဲ့အခါမှာ သောက်ကြပါတယ်။ တစ်ရက်ကို ၃ ကြိမ်သောက်နိုင်ပါတယ်။ ကလေးဆိုရင်တော့ ပါရာစီတမောအရည်ကို တိုက်လို့ရပါတယ်။ အရည်ကတော့ 120ml နဲ့ 250ml ဆိုပြီးလာပါတယ်။
Biogesic ၊ Lensen ၊ Sara စတဲ့ ဆေးတွေက လူသိများတဲ့ ပါရာစီတမောပါဝင်တဲ့ဆေးများဖြစ်ပြီး ကြိုက်နှစ်သက်ရာတံဆိပ်ကို ဝယ်သောက်နိုင်ပါတယ်။
၂။ အနာကပ် ပလာစတာ / ဆေးဝါရည်/ ဂွမ်း/ ပါတ်တီးလိပ် /အရက်ပြန်
ထိခိုက်ဒါဏ်ရာရတဲ့အခါ၊ မတော်တဆ အနာတရဖြစ်တဲ့အခါမှာ အရေးပေါ်ကုသနိုင်အောင် ဆောင်ထားသင့်ပါတယ်။ အနာမှာပိုးမဝင်အောင် အရက်ပြန်နဲ့ သေချာဆေးကြောပြီး ပိုးသတ်ဆေးဝါရည် ထည့်သင့်ပါတယ်။ ပြီးမှလိုအပ်ရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ကုသပါ။
၃။ ORS ( ဓါတ်ဆား)
ဓါတ်ဆားတွေဟာ နာမည်မျိုးစုံ၊ တံဆိပ်မျိုးစုံနဲ့ ဈေးကွက်ထဲမှာ ဝယ်နိုင်ပါတယ်။ တမျိုးနဲ့တမျိုး ပါတဲ့ ပျော်ဝင်ပစ္စည်းလေးတွေ အနည်းအများကွာတာလေးတွေ ရှိတာကြောင့် သီးစုံနဲ့ ရိုးရိုးအငံ ဓါတ်ဆားဆိုပြီး နှစ်မျိုးရှိပါတယ်။
ချွေးထွက်များတဲ့အခါ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ တစ်ထုတ်ကို ရေတစ်လီတာနဲ့ဖျော်ပြီး 24 နာရီအတွင်း သောက်နိုင်ပါတယ်။
ညကြီးမိုးချုပ်ရုတ်တရက်ရောဂါဝေဒနာခံစားရတဲ့အချိန်အိမ်မှာလတ်တလောသောက်စရာဆေးမရှိဘူးဆိုရင် အဆင်မပြေလှပါဘူး။ ဒါကြောင့် အရေးပေါ်အတွက် အိမ်တွင်မ ဖြစ်မနေဆောင်ထားသင့်တဲ့ ဆေးဝါးများ/ အရေးပေါ်ဆေး (၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၄။ Chlophenamine (ဘာမီတွန်အုပ်စုပါ)
ဘာမီတွန်ဆေးက အိမ်တိုင်းမှာ အမြဲဆောင်ထားသင့်ပါတယ်။ နှာစေးခြင်း၊ နှာပိတ်ခြင်း၊ ယားယံခြင်း၊ Allergy ( တခုခုနှင့်မတည့်လို့ဖြစ်လာတဲ့ ဓါတ်မတည့်မှု) တွေမှာ အလွန်အသုံးဝင်ပါတယ်။
နှာစေး နှာပိတ်ခြင်းများအတွက် တစ်ညတစ်လုံး သောက်နိုင်ပါတယ်။ မသက်သာလျှင် ( တစ်ခြမ်း နှစ်ကြိမ် သို့မဟုတ် တစ်လုံးနှစ်ကြိမ် ) သောက်နိုင်ပါတယ်။
၅။ Miconazole cream (ယားနာလိမ်းဆေး)
အရေပြားယားယံတာ / ဓါတ်မတည့်တာ မျိုးတွေအတွက် လိမ်းဆေးပါ။ Skinal ၊ PG (Anti 3) စတဲ့ ဆေးတွေကို ကြိုက်ရာဝယ်ယူသုံးစွဲနိုင်ပါတယ်။
၆။ Silver cream
ရေနွေးပူလောင်တဲ့အခါ/ဆီပူလောင်ပြီးအပေါ်ယံအရေပြားထိခိုက်မိသွားတဲ့အခါ အရေးပေါ်လိမ်းလိုက်ရင် ချက်ချင်းသက်သာပါတယ်။မီးဖိုချောင်ဝင်တဲ့အိမ်ရှင်မတွေအတွက်မရှိမဖြစ်လိုအပ်တဲ့လိမ်းဆေးဖြစ်ပါတယ်။
၇။ Diclofenac Gel / oilment ( အကိုက်ခဲပျောက်လိမ်းဆေး)
တစ်ခါတရံ အကြောတက် အညောင်းမိတဲ့အခါ/ကြွက်သားတွေ နာကျင်ယောင်ရမ်းတဲ့အခါ လိမ်းရတဲ့ဆေးပါ။ အပူ / အအေးဆိုပြီး လာပါတယ်။ တစ်ခုသတိထားရမှာကတော့ သွေးထွက်နေတဲ့ ဒါဏ်ရာတွေပေါ် မလိမ်းမိဖို့ပါ။ ခဏခဏ ဇာက်ကြောတက် ကိုက်ခဲတဲ့သူတွေ ဆောင်ထားသင့်ပါတယ်။
Dits Gel ၊ Voltex Cream ၊ Diclomol Gel ၊ Go gel စတဲ့ လိမ်းဆေးတွေက Diclo Gel တွေပါပဲ။
၈။ Domperidone (အအန်ပျောက်ဆေး)
ကားမူးရင်ပဲဖြစ်ဖြစ် / အစားအသောက်မှားလို့ဖြစ်ဖြစ် အန်နေတယ်ဆိုရင်တော့ ဒီဆေးကို ၁ ကြိမ်မှ ၂ ကြိမ်သောက်လို့ရပါတယ်။ Cosy 10mg ၊ Anat 10mg စတဲ့ဆေးတွေက Domperidone ပါပဲ။
၉။ Simethicone 80mg
အစာမကြေ/ ရင်ပြည့်ရင်ကယ် / လေထိုးလေအောင့် ဖြစ်တဲ့အခါ အစားစားပြီး ဝါးစားလို့ရတဲ့လေဆေးပါ။ အစာမစားဘဲလေထိုးနေရင်လည်းတစ်ရက်သုံးကြိမ်ဝါးစားလို့ရပါတယ်။တခြားအကိုက်ခဲပျောက်ဆေးတွေနဲ့လည်း အစာအိမ်မထိအောင် တွဲသောက်လို့ရပါတယ်။
Air-X ၊ Silosogen ၊ Digen ၊ Cream of meganesium ၊ Antacid plus ၊ Antacil စတဲ့ဆေးတွေက လေဆေးအုပ်စုတွေဖြစ်လို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။
၁၀။ ဖြေဆေး
ဖြေဆေးကတော့ အစာမှားတာ အစာအဆိပ်သင့်တာတွေကြောင့် ဝမ်းပျက်၊ ဝမ်းလျှော၊ ယားယံတဲ့အခါ သုံးပါတယ်။ ဆေးမှုန့်ကို လျှက်ဆားလို လျှက်တာဖြစ်ဖြစ်/ ရေနွေးနဲ့သောက်တာ ဖြစ်ဖြစ် သုံးစွဲနိုင်ပါတယ်။ ကျားမဟာဖြေဆေး၊ အဖြေကျော် ၊ ဇာတိဝက္က စတဲ့ဆေးတွေက အသုံးများတဲ့ ဆေးအမျိုးအမည်တွေပဲ ဖြစ်ပါတယ်။
ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။